ထိုင်းကလပ်တွင် ပွဲထွက်ခွင့် ပျောက်ဆုံး၍ အဆင်မပြေဖြစ်နေသည့် တိုက်စစ်မှူးအောင်သူကို ပြန်ခေါ်မည်

ထိုင်းကလပ်တွင် ပွဲထွက်ခွင့် ပျောက်ဆုံး၍ အဆင်မပြေဖြစ်နေသည့် တိုက်စစ်မှူးအောင်သူကို ပြန်ခေါ်မည်

ထိုင်းပထမတန်း လိဂ်-၁ပြိုင်ပွဲဝင်ကလပ် မွန်ထောင်ယူနိုက်တက်အသင်း၌ ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး အဆင်မပြေဖြစ်နေသည့် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူကို ပြန်ခေါ်သွားမည်ဖြစ်ကြောင်း

ရတနာပုံအက်ဖ်စီအသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းက ပြောသည်။

ယခုနှစ်ဘောလုံးရာသီတွင် မွန်ထောင်ယူနိုက်တက်အသင်း၌ သွားရောက်ကစားနေခဲ့သော တိုက်စစ်မှူးအောင်သူသည် ရာသီအစပိုင်းပွဲစဉ်များတွင် ပွဲထွက်ခွင့်များ ရရှိနေခဲ့သော်လည်း နောက်ပိုင်း၌ ပွဲထွက်ခွင့် ပျောက်ဆုံးလာခဲ့ပြီး အသင်းနှင့် အဆင်မပြေဖြစ်လာခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ကစားသမားများနှင့် ပြဿနာတချို့ ရှိနေခဲ့သည့် နာမည်ကြီးမွန်ထောင်အသင်းသည်လည်း ယခုရာသီတွင် လိဂ်ပွဲစဉ် ၁၁ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်၌ ရမှတ် ၈မှတ်သာရရှိထားပြီး အမှတ်ပေးဇယားအောက်ဆုံး၌ ရှိနေခဲ့သည်။

” လာမယ့်နှစ်မှာ ပြန်ခေါ်ဖို့ ဆရာစီစဉ်ထားတယ်။ ဆရာရဲ့စေတနာက နိုင်ငံခြားကိုရောက်စေချင်တာ။ နိုင်ငံခြားကနေ ပိုပြီးတော့ နာမည်ကြီးအောင် လုပ်စေချင်တာ။ ဆရာတို့က စေတနာနဲ့ တန်းဆင်းသွားတဲ့ ပုလိတယ်ရိုမှာ မထားပဲ။ မွန်ထောင်ပြောင်းလိုက်တယ်။ မွန်ထောင်ကျတော့လည်း ကံအားလျော်စွာ သူခြေစွမ်းမပြနိုင်ခဲ့ဘူး။ နောက်ပိုင်းကျတော့ ဟိုဟိုဒီဒီအခက်အခဲကြောင့် အခုလိုဖြစ်သွားတယ်။ ကစားသမားနဲ့တော့ မတိုင်ပင်ရသေးဘူး။ ဒါပေမဲ့ဆရာပြန်ခေါ်ရင် ရပါတယ်” ဟု ဒေါက်တာ စိုင်းဆမ်ထွန်းက ပြောသည်။

အောင်သူသည် မွန်တောင်အသင်းတွင် သွားရောက်ကစားနေခြင်းသည် အပြင်၌သတင်းထွက်နေသည့် နှစ်နှစ်စာချုပ်ဖြင့် ကစားနေခြင်း မဟုတ်ဘဲ တစ်နှစ်တည်းသာ စာချုပ်ချုပ်ထားခြင်း ဖြစ်ကြောင်း နှင့် လာမည့်နှစ်၌ အောင်သူကို ပြန်ခေါ်ပြီးလျှင်ကစားသမား၏ တိုးတက်မှုအတွက် ကမ်းလှမ်းလာမည့်အသင်းကို ကြည့်၍ ပြည်ပသို့ထွက်ကစားရန် (သို့မဟုတ်) ရတနာပုံအသင်း၌ ကစားသွားရန်တို့အတွက် စဉ်းစားဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

မိုင်းစောလွင်

ဓာတ်ပုံ-Aung Thu Fb

Credit:

Leave a Reply

Your email address will not be published. Required fields are marked *