ဝန်းကြီး၊ ဒုဝန်ကြီးများအား လွှတ်တော်အတွင်း၌ မေးခွန်းဖြေကြား သည့်အခါ ပြီးလွယ်စီးလွယ် မဖြေကြားရန် သမ္မတသတိပေး

ဝန်းကြီး၊ ဒုဝန်ကြီးများအား လွှတ်တော်အတွင်း၌ မေးခွန်းဖြေကြား သည့်အခါ ပြီးလွယ်စီးလွယ် မဖြေကြားရန် သမ္မတသတိပေး

လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းကို ပြည်ထောင်စုအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဒုဝန်ကြီးများ အနေဖြင့် လွှတ်တော်အတွင်း၌ ဖြေကြားသည့်အခါ ပြီးလွယ်စီးလွယ်မဖြေကြားရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သတိပေး ပြောကြားလိုက်သည်။

ယနေ့ မေလ ၂၄ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတနှင့် နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ ဝန်ထမ်းများ တွေ့ဆုံပွဲတွင် မိန့်ခွန်းပြောကြားရာ၌ ယင်းသို့ သတိပေး ပြောကြားခဲ့ခြင်း ဖြစ်သည်။

သမ္မတက ၎င်း လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်က လွှတ်တော် ကိုယ်စားလှယ်များ၏ မေးခွန်းများကို လာရောက် ဖြေကြားသည့် အစိုးရအဖွဲ့ဝင် တချို့သည် `ငါ` အစိုးရအဖွဲ့ဝင်ပဲ ဆိုသည့် မာန်ဖြင့် ပြီးလွယ်စီးလွယ် ဖြေကြားသွားသည်ကို ကြုံခဲ့ဖူးသည်ဟု ဆိုသည်။

`အဲဒီတုန်းက ကျွန်တော် လွှတ်တော်ဥက္ကဋ္ဌဘဝ။ တချို့က သူက လွှတ်တော်ကိုယ်စားလှယ်ပဲ။ ငါက အစိုးရပိုင်းကပဲ။ ငါဖြေချင် ရာဖြေမယ် ဘာဂရုစိုက်စရာလိုလည်း ပြီးလွယ်စီးလွယ် ပြောသွားတယ်။ နောက်ပြီး ခပ်စပ်စပ်လေး ခပ်ဟောက် ဟောက်လေး ဖြေသွားသေးတယ်။ မလုပ်ပါနဲ့ အပြန်အလှန် လေးစားရမယ်။ ပွင့်ပွင့်လင်းလင်း ပြောရင် ဒီထဲမှာလည်းရှိတယ်` ဟု သမ္မတက ပွင့်လင်းစွာ သတိပေးပြောကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်သမ္မတက ထိုသို့သော အပြုမူပြောဆို မှုများကို မပြုလုပ်ရန်နှင့် အပြန်အလှန် လေးစားပြီး အပြန်အလှန် နားလည်မှုပေးရမည် ဖြစ်ကြောင်းကိုလည်း သတိပေးပြောကြား သည်။

`သူလည်း သူ့တာဝန်သူ ထမ်းဆောင်တာ။ ဒီဘက်ကလည်း အမှန်အတိုင်းဖြေ ကိုယ်မဖြေနိုင်တာနဲ့ ကိုယ်ဖြေဖို့ အခက်အခဲ အကျပ်အတည်း ဖြစ်တာနဲ့ တစ်ဖက်ကို ဒါပဲမသိဘူး။ ဟိုကလာတာ။ ဒီအတိုင်း ဒါမျိုးမလုပ်ပါနဲ့ သေသေချာချာ ဖြေပေးရမယ်။ ကျကျနန ဖြေပေးရမယ်။ ဒါအပြန်အလှန် လေးစားမှု။ ဒါလေးတစ်ခုတော့

ဂရုစိုက် စေချင်တယ်။ ဒါကျွန်တော် ပွင့်ပွင့်ပြောတာ။ ဒါ ကျွန်တော်အပိုပြောနေတာ မဟုတ်ဘူး။ ကျွန်တော် ဖြတ်သန်းခဲ့တဲ့ လွှတ်တော်ဥက္ကဋ္ဌ ဘဝအတွေ့အကြုံနဲ့ အရှိအတိုင်း ကျွန်တော်ပြောတာ` ဟု နိုင်ငံတော် သမ္မတက ပြောကြားသည်။

မေးခွန်းမေးမြန်းခြင်းသည် လွှတ်တော်ကိုယ်စားလှယ်၏ တာဝန်ဖြစ်သလို ပြန်လည်ဖြေကြားရန်မှာလည်း

အစိုးရ အဖွဲ့တွင် တာဝန်ရှိကြောင်းနှင့် အမေးရှိလျင် အဖြေရှိရမည်ဟုဆိုသည်။

မေးမြန်းသည့် မေးခွန်းများကို လွှတ်တော်ထဲ၌ ပြီးလွယ်စီးလွယ် သွားရောက်ဖြေကြားခြင်းမှာ ပြည်ထောင်စု အစိုးရ၏ သိက္ခာကိုလည်း ထိခိုက်သည်ဟုဆိုသည်။

`ကျွန်တော်တို့ ပြည်ထောင်စုအစိုးရ သိက္ခာလည်း ထိခိုက်တယ်။ တိုက်ရိုက်လွှင့်နေတာလေ။ တိုက်ရိုက် ကြားနေတာလေ ပြည်သူက` ဟု သမ္မတက ထောက်ပြပြောကြားသည်။

ထို့အပြင် လွှတ်တော် ကိုယ်စားလှယ်ကိုလည်း သမ္မတက မိမိတို့၏ တင်သွင်းသည့်မေးခွန်းများ အဆိုများနှင့် ပတ်သက်ပြီး နောက်တွင်ဖြစ်လာမည့် အကျိုးဆက်ကို ကြည့်ရမည်ဖြစ်ကြောင်း၊ ပေါ်ပြူလာ ဖြစ်ချင်သည့် လက်ခုပ်သံခြူချင်သည့် မေးခွန်းနှင့် အဆိုများ မဖြစ်ရန်လိုကြောင်း သတိပေးပြောကြားခဲ့သည်။

အောင်ရဲနောင်

Credit:The Ladies News

Leave a Reply

Your email address will not be published. Required fields are marked *