မြန်မာအိုင်ဒေါပြိုင်ပွဲ ဝင်းနားဆု ငွေကျပ်သိန်း ၅၀၀ တိုးမြှင့်ချီးမြှင့်မည်

မြန်မာအိုင်ဒေါပြိုင်ပွဲ ဝင်းနားဆု ငွေကျပ်သိန်း ၅၀၀ တိုးမြှင့်ချီးမြှင့်မည်

အောင်ကိုလတ်၊ တင်ဇာမော်နှင့် ဖြူဖြူကျော်သိန်းတို့ ဒိုင်အဖြစ်ပါဝင်လာ

မျှော်လင့်စောင့်စားနေကြသည့် Myanmar Idol Season-4 သီချင်းဆိုပြိုင်ပွဲကြီးကို စက်တင်ဘာလအတွင်း ကျင်းပတော့မည်ဖြစ်ကြောင်း ဇွန် ၁၁ ရက်က ရန်ကုန်မြို့ Novotel Hotel တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

ယခုနှစ်တွင် ပြုလုပ်မည့် Myanmar Idol သီချင်း ဆိုပြိုင်ပွဲကြီးတွင် ပြိုင်ပွဲဝင်အဆိုရှင်များအား အကဲဖြတ် အမှတ်ပေးမည့် ဒိုင်များအဖြစ် ယခင် Idol Season တွင် ပါဝင်သည့် အဆိုတော်တင်ဇာမော်နှင့်အတူ ခေတ်ဦး စတီရီယို အဆိုတော် ဒါရိုက်တာ အောင်ကိုလတ် (MotionPicture)၊ အဆိုတော် ဖြူဖြူကျော်သိန်းတို့က ပါဝင် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာအိုင်ဒေါပြိုင်ပွဲ ဝင်းနား ဆုအတွက် ငွေကျပ် သိန်း ၅၀၀ တိုးမြှင့်ချီးမြှင့်မည်ဖြစ် ကြောင်း သိရသည်။
‘ကျွန်မတို့ idol မွေးထုတ်ပေးထားတာ အခုဆို ၃၂ယောက်ရှိပါပြီ၊ ဒီနှစ်နဲ့ဆိုရင် ၄၂ ယောက်ဖြစ်ပါပြီ။ အသက်လည်း ပြည့်မီပြီးတော့ စည်းကမ်းချက်နဲ့လည်း ကိုက်ညီတဲ့သူတွေ Season-4 မှာ ပါဝင်ပြီး ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်မအနေနဲ့ Myanmar Idol ပြိုင်ပွဲဝင်တွေရော၊ ကြည့်ရှုမယ့်သူတွေပါ Win Win ဖြစ်မယ့် အခြေအနေမျိုးကိုပဲ ဖြစ်စေချင်ပါတယ်။ တကယ် ကို မှန်ကန်တဲ့သူကို လသအန လုပ်ဖို့ အရေးကြီးပါတယ်။ ပညာရပ်ပိုင်းရော၊ ဝါသနာပါ သေချာကို ကြည့်ရှုပြီး vote လုပ်ပေးစေချင်ပါတယ်’ဟု Moon Myanmar Media ၏ Executive Project Director ဒေါ်နန်းမောက် လောဝ်ဆိုင်က ပြောဆိုသည်။

ယခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးမှ ရွက်ပုန်းသီး ဂီတဝါသနာရှင်များပါဝင်လာနိုင်စေရန်ရည်ရွယ်၍ အသံ စစ်ဆေးမှုများကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ တောင်ငူ၊ ဘားအံ အစရှိသည့် မြို့ကြီးများတွင် ကျင်းပမည်ဖြစ်ပြီး ကလော၊ ပင်းတယ၊ မိတ္ထီလာ၊ ရွှေဘို၊ မုံရွာ၊ ပျဉ်းမနား၊ ပြည်၊ မော်လမြိုင်၊ ပုသိမ် စသည့်မြို့များသို့ Mobile Casting ဖြင့် သွားရောက်၍ အသံစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်။

‘ကျွန်တော်တို့ မြန်မာလူမျိုးတွေက သီချင်းဆိုတာ တော်တော်ကောင်းကြတယ်။ ကျွန်တော်တို့လည်း ဒီလိုပုံစံ မျိုးနဲ့ စခဲ့တာဆိုတော့ ဘာပဲဖြစ်ဖြစ် ကျွန်တော် ပါဝင်မယ် ဆိုရင်တော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ Top Ten ကို အတတ်နိုင်ဆုံး ရွေးပေးနိုင်မယ်ထင်တယ်။ Season-4 မှာတော့ မြန်မာတစ်ပြည်လုံးမှာ ပိုပြီးတက်ကြွလာမယ်ဆိုတာသိတဲ့ အတွက် ကျွန်တော်တို့လည်း စိတ်လှုပ်ရှားတယ်။ အနုပညာ ဆိုတာကတော့ ဆင်းရဲတာ၊ ချမ်းသာတာ၊ ရာထူးကြီးတာ၊ ပညာတတ်တာနဲ့ မဆိုင်ပါဘူး။ ဘယ်သူမဆို တကယ့်အနု ပညာ သန်စွမ်းလာရင် သူ့ကို ကျွန်တော်တို့က ရွေးထုတ် သွားမှာပါပဲ။ မြန်မာပြည်အတွက် အကောင်းဆုံး idol တွေ ရမယ်လို့ မျှော်လင့်ပါတယ်’ဟု အဆိုတော် ဒါရိုက်တာ အောင်ကိုလတ်က ပြောဆိုသည်။ အသံစစ်ဆေးမှုများကို ဇွန်လဒုတိယပတ်မှ စတင် ကာ ဇူလိုင်လအထိ မြို့ကြီးငါးမြို့ နှင့် အခြားသောမြို့များတွင် ကျင်းပသွားမည်ဖြစ်သည်။

သတင်း – နှင်းစုမွန်
The Standard Time Daily

#Credit

Leave a Reply

Your email address will not be published. Required fields are marked *