ရေမဆေးကျောက်သမားများအတွက် ၁ ဧကလုပ်ကွက်များ တရားဝင်ချပေးမည်

ရေမဆေးကျောက်သမားများအတွက် ၁ ဧကလုပ်ကွက်များ တရားဝင်ချပေးမည်

မြန်မာနိုင်ငံအတွင်း ကျောက်မျက်ရတနာ တူးဖော်တဲ့နယ်မြေအတွင်းက ရေမဆေးကျောက် ရှာဖွေနေသူတွေနဲ့ တပိုင်တနိုင် ကျောက်မျက်တူးဖော်ရေး လုပ်ကိုင်လိုတဲ့ ဒေသခံတွေအတွက် တရားဝင်တူးဖော်နိုင်တဲ့ လုပ်ကွက်နေရာတွေ သတ်မှတ်ချထားပေးမယ်လို့ သစ်တော၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြောပါတယ်။

အသစ်ပြဋ္ဌာန်းလိုက်တဲ့ ကျောက်မျက်ရတနာ ဥပဒေအရ အလတ်စား၊ အသေးစားနဲ့ လက်လုပ်လက်စားဆိုပြီး အပိုင်း ၃ ပိုင်းခွဲခြားကာ တရားဝင်တူးဖော်ရေး လုပ်ကွက်နေရာတွေ သက်မှတ်ချထားပေးသွားမှာဖြစ်တဲ့အတွက် ဝန်ကြီးဌာနအနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

လက်လုပ်လက်စား လုပ်ကွက်တွေကို တိုင်းနဲ့ပြည်နယ်အစိုးရက ချပေးမှာဖြစ်ပြီး ဥပဒေသစ်အရ ပြည်ထောင်စုအစိုးရက ချပေးမယ့် လုပ်ကွက်အမျိုးအစားရှိမှာ ဖြစ်သလိုတိုင်းနဲ့ ပြည်နယ်အစိုးရက ချပေးမယ့် လုပ်ကွက်အမျိုးအစားတွေလည်း ရှိမှာ ဖြစ်ပါတယ်။

မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးသန်းဇော်ဦးက “တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့က အသေးစားနဲ့ အလတ်စားကို ချထားပေးရပါတယ်။ ကျနော်တို့က ရေမဆေးတွေကို ဘယ်လိုဆောင်ရွက်ပေးမလဲဆိုတော့ လက်လုပ်လက်စားပေါ့။ လက်လုပ်လက်စားလုပ်ကွက်တွေမှာ ၁ ဧကပေးမယ်။ တဦးတည်းကပဲ လုပ်လုပ်၊ စုပေါင်းပြီးတော့ပဲ လုပ်လုပ်၊ ကျနော်တို့က လုပ်ကွက်တွေကို တရားဝင်ချပေးမယ်။၊တရားဝင်တူး။ တရားဝင်ရောင်းဝယ်ဖောက်ကားပေါ့။ ဥပဒေပါ ပေးချက်အတိုင်း အဲလိုလေးတော့ ကျနော်တို့က ဆောင်ရွက်ပေးမယ်” လို့ ပြောပါတယ်။

ကျောက်မျက်ရတနာ ဥပဒေသစ်အရ အကြီးစားလုပ်ကွက်တွေကို ခွင့်ပြုတာမျိုးမရှိတော့ဘဲ ဥပဒေဟောင်းအရ ခွင့်ပြုထားတဲ့ လုပ်ကွက်တွေအနေနဲ့လည်း သက်တမ်းကုန်ဆုံးပါက ဆက်လက်တူးဖော်ခွင့် ရရှိတော့မှာ မဟုတ်တဲ့အတွက် အလတ်စား တူးဖ်ာထုတ်လုပ်ခွင့်အနေနဲ့ ဝန်ကြီးဌာနမှာ ပြန်လည်လျောက်ထားရမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ လုံးခင်းနဲ့ ဖားကန့်ဒေသမှာရှိတဲ့ ကျောက်စိမ်းတူဖော်ထုတ်လုပ်နေတဲ့ လုပ်ငန်းတွေကို ဇူလိုင်ကနေ စက်တင်ဘာလကုန်အထိ ယာယီရပ်ဆိုင်းထားဖို့ သစ်တော၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဇူလိုင် ၁၃ ရက်က တရားဝင် ထုတ်ပြန်ကြေညာထားပါတယ်။

ကျောက်မျက်ရတနာ ဥပဒေအရ အလတ်စားလုပ်ကွက်ကို ၅ ဧက၊ အသေးစားလုပ်ကွက် ကို ၃ ဧကနဲ့ လက်လုပ်လက်စားလုပ်ကွက် ၁ ဧကအဖြစ် သက်မှတ်ထားပြီး ထုတ်လုပ်ခွင့် သက်တမ်းကိုလည်း ၃ နှစ် ၂ နှစ် ၁ နှစ်ဆိုပြီး ခွဲခြားသတ်မှတ်ထားပါတယ်။

ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် နည်းဥပဒေကိုလည်း အမြန်ဆုံး ပြဋ္ဌာန်းနိုင်ဖို့အတွက် သစ်တော၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဋ္ဌာနက ရေးဆွဲနေပါတယ်။

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ရေမဆေးကျောက်သမားတွေနဲ့ တပိုင်တနိုင် ကျောက်ရှာဖွေသူတွေဟာ ကျောက်မျက်ရတနာ တူးဖော်တဲ့ ကုမ္ပဏီကြီးတွေက စွန့်ပစ်တဲ့ မြေစာပုံတွေမှာ ကျောက်မျက်ရှာဖွေကြရာကနေ မြေပြိုကျပြီး မကြာခဏသေဆုံးနေကြတာ ဖြစ်ပါတယ်။

Credit#DVB TV News

Leave a Reply

Your email address will not be published. Required fields are marked *